Saturday, July 16, 2016

လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီး မြှုပ်နှံထားသော အလောင်း ခုနစ်လောင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီးတွင် SSA (ဝမ်ဟိုင်း)အဖွဲ့နှင့်TNLA အဖွဲ့တို့သည် ပန်ကျန် လုံတောင်ကုန်း ဝန်းကျင်တစ်ဝိုက်အခြေပြု၍ ပန်ကျိန်လုံ၊ ပန်ကျိန်အွန်၊ ဖာလိုင်လွယ်၊ ဖာလိုင်မန်ကန်နှင့် ဖာမိန့်ကျေးရွာ များတွင် နေထိုင်ကြသော   ရွာသူရွာသားများအား အဓမ္မလူသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း သတင်းအရ ယင်းနယ်မြေ အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက ဇွန်၂၅ ရက်တွင် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇွန် ၂၅ ရက် ညနေ ၅ နာရီခွဲခန့် မိုင်းယော်မြို့၏ အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် ပတ်ဝန်းကျင်တောင်ကုန်းများ၌ အသင့်နေရာယူထားသော TNLA အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့၍ တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် TNLA အဖွဲ့များ အရှေ့ဘက်သို့ ဆုတ်ခွာသွားသဖြင့်  ၎င်းနေရာတစ်ဝိုက်အား ရှင်းလင်းခဲ့ရာ ရန်သူ့အလောင်း နှစ်လောင်းနှင့် ဆပ်ပြာခွက် ၁ဝ ခွက်ဖြင့် ထည့်ထားသောဘိန်းဖြူများ  (တန်ဖိုး ငွေကျပ် ၁၉ သိန်းခန့်)၊ 88 တံဆိပ်ပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားများ  ထည့်ထားသည့် အထုပ် ၁ဝ ထုပ် (၂ဝဝဝ ပြားခန့်)(တန်ဖိုးငွေ ကျပ်သိန်း ၄ဝ ခန့်)တို့ကို  သိမ်းဆည်းရမိခဲ့သည်။
ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား အသေးစိတ် ထပ်မံရှင်းလင်းရာ ဒဏ်ရာဖြင့် သေဆုံးနေသော အလောင်း နှစ်လောင်းနှင့်  လျှပ်စစ်စနက်တံ လေးချောင်းကို တွေ့ရှိပြီး ဆက်လက်၍ အလောင်းသုံးလောင်းနှင့် ဘာဂျယ်ယမ်းပျော့ ၂ဝ ကျပ်သားခန့်ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ယနေ့ လူမှုကွန်ရက်တွင် လားရှိုးမြို့နယ် မိုင်းယော်မြို့အနီး၌  ဖမ်းဆီးခံ ရွာသားများ၏ အလောင်းများတွေ့ရှိကြောင်း သတင်းများ ဖော်ပြလျက်ရှိပြီး တချို့သတင်းများတွင် တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးသွားသော ရွာသားအလောင်းများ ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ TNLA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော တပ်မတော်စစ်ကြောင်းသည် ဖြစ်စဉ်ဖြစ် ပွားပြီးနောက် ရှင်းလင်း တွေ့ရှိသည့်အလောင်း ခုနစ်လောင်းကို တွေ့ရှိသည့် နေရာပေါ်မူတည်၍ သုံးနေရာ ခွဲကာ ကောင်းမွန်စွာ မြှုပ်နှံခဲ့ကြောင်း သိရှိရပြီး လူမှုကွန်ရက်တွင်  ဖော်ပြထားသော အလောင်းများ တွေ့ရှိမှုနှင့် ပတ်သက် သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/localmilitarynews/breakingnews/item/97356-2016-07-02-10-18-06

No comments:

Post a Comment