Sunday, July 3, 2016

တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသားတစ်ဦး မူဆယ်(၁ဝ၅)မိုင်၌ ဖမ်းမိ

မူဆယ် ဇူလိုင် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့(၁ဝ၅)မိုင် ကုန်သွယ် ရေးဇုန်တွင် ပါကစ္စတန်နိုင်ငံသားMr. Muhammad Aman (၃၈)နှစ်သည် ဇွန် ၃ဝ ရက် ညနေ ၄ နာရီခန့်က ဇုန်ယာဉ်ငယ်စစ်ဆေးရေးဂိတ်ရှေ့မှ ခြေကျင်ဖြတ်လျှောက် စဉ် ယာဉ်ငယ်စစ်ဆေးရေးအဖွဲ့ အမှတ်(၇) လူဝင်မှု ကြီးကြပ်ရေးဌာန အဖွဲ့(၅)မှ မသင်္ကာသဖြင့် ဆိုင်ကယ်ဖြင့် လိုက်လံစုံစမ်းခဲ့သည်။


အဆိုပါ ပါကစ္စတန်နိုင်ငံသားသည် စစ်ဆေးရေးဂိတ် အလွန် ကိုးမြို့ရှင်နတ်နန်းအနီး၌ အသင့်ရပ်စောင့်နေသော မူဆယ်-ရန်ကုန်လိုင်း9D။----- ဂျူပီတာကားအသင်း၏ မှန်လုံယာဉ်ပေါ်သို့ တက်ရောက်သည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ၂ဝ၁၄ ခုနှစ်၏ သက်တမ်းလွန် နိုင်ငံကူးစာအုပ်အမှတ်LA 4115511 ကိုသာ ကိုင်ဆောင် ထားပြီး တရားဝင်နိုင်ငံကူးလက်မှတ်မပါရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးမြတ်ဇော်က မြို့နယ် လဝကမှူးရုံးသို့ အပ်နှံခဲ့သည်။

ပါကစ္စတန်နိုင်ငံ HNo.Pd949; st6.Pindora Rawalpindi တွင်နေထိုင်ပြီး တရုတ်ပြည် ကျဲကျန်ပြည်နယ် ဥယုံကျူးမြို့သို့ ၂ဝဝ၅ ခုနှစ်တွင် ရောက်ရှိကာ ဆေးအလှ ကုန်နှင့် အထည်အလိပ်တို့ကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့နေ သူဖြစ်ကြောင်း သိရသည်။

ကြယ်ကောင်-မူဆယ် နယ်စပ်ခြံစည်းရိုး၏ တရား မဝင်ခိုးပေါက်များမှ မူဆယ်မြို့အတွင်းဝင်ရောက်ခဲ့ပြီး မူဆယ်မှ ရန်ကုန်မြို့ရှိ ပါကစ္စတန်သံရုံးသို့ Passport လုပ်ရန်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အလားတူ 9D။------ ၏ ယာဉ်မောင်း ဦးတင်စိုး သည် တရားမဝင် ဝင်ရောက်ခဲ့သူ ပါကစ္စတန်နိုင်ငံသားအား ယာဉ်ပေါ်မှဆင်း၍ ခြေကျင်လျှောက်စေကာ စစ်ဆေးမှု အား ရှောင်လွှဲရန်ကူညီခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့် အတွက် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)ကို ပါကစ္စတန်နိုင်ငံသားနှင့် ယာဉ်မောင်း ဦးတင်စိုးတို့ကို အရေးယူပေးပါရန် မြို့နယ်ဦးစီးမှူးရုံး လဝကဦးစီးအရာရှိ ဦးဇော်မင်းသိန်းက တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် မူဆယ်မြို့မရဲစခန်းက (ပ)၂၆၉/၁၆၊ လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁)/၁၃(၂)ဖြင့်အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ရက် ၁ဝဝ စီမံချက်၏ မြို့နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက ပါကစ္စတန်နိုင်ငံသား မြန်မာပြည်အတွင်း ဝင်ရောက်ရသည့်ရည်ရွယ်ချက်နှင့် ပြည်တွင်းအဆက် အသွယ်ရှိသူများကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆရာမောင်(မူဆယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment