Sunday, October 18, 2015

ပုဂံဒေသနယ်မြေများကို ဇုန်များ ပြန်လည်သတ်မှတ်သွားမည်

ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဖြစ်စေရန် ရည်ရွယ်ပြီး ပုဂံဒေသနယ်မြေများကို ဇုန်များ ပြန်လည်သတ်မှတ်သွားမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ ဇုန်များသတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကိုလည်း အောက်တိုဘာ ၁ဝ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုဂံဒေသ ရှေးဟောင်းနယ်မြေများကို ဇုန်များ သတ်မှတ်ရာတွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်ဟူ၍ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ခွဲခြားသတ်မှတ်ခဲ့ သည်။ ယခုအခါ ပုဂံယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ဆောင်ရွက်ရာတွင် ကန့်သတ်ထားသည့် ဇုန်များအတွင်း မြို့ပြလူနေမှု အဆောက်အအုံများ တည်ရှိနေသည့်အတွက် ဇုန်များ ပြန်လည်သတ်မှတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
''ဥပဒေအရ ဟိုတယ် မိုတယ်တွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေက ဒီဇုန်သုံးဇုန်အတွင်းက ကာကွယ် ထိန်းသိမ်းထားတဲ့ ဇုန်အတွင်းမှာဆို လုပ်ကိုင်ဆောင်ရွက် ခွင့်ရှိပါတယ်။ ကျန်တဲ့ ရှေးဟောင်းအဆောက်အအုံ တည်ရှိရာနဲ့ ရှေးဟောင်းနေရာတွေမှာ လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါပေမယ့် လက်ရှိ ပုဂံမှာ ဟိုတယ် မိုတယ်တွေ ၁၂ဝ လောက်ရှိပြီးတော့ အများစုက ဇုန်မသတ်မှတ်ခင် ကတည်းက တည်ရှိတာဖြစ်ပါတယ်။ ဥပဒေနဲ့ ဇုန်မသတ် မှတ်မီရှိနေခဲ့တာ ဖြစ်ပေမယ့် ဥပဒေအရ ခွင့်ပြုနိုင်တဲ့ ဧရိယာအတွင်းမှာ မရှိဘဲ ကန့်သတ်ထားတဲ့ ဧရိယာ အတွင်းမှာ ရှိနေတယ်။ ဥပဒေထုတ် ဇုန်သတ်မှတ်လိုက်တော့ ဥပဒေနဲ့မညီ ဖြစ်လျက်ရှိပါတယ်။ ဒါတွေကို ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် ပြောင်းလဲသတ်မှတ်မယ် ဆိုရင်တော့ ဥပဒေနဲ့ ညီညွတ်သွားမယ်။ ဒေသခံတွေ အနေနဲ့လည်း ဥပဒေနဲ့အညီ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားနိုင်မယ်။ ပုဂံဟာ အထူးအလေးထားထိန်းသိမ်းရမယ့် ယဉ်ကျေးမှုအမွေ အနှစ်တွေ တည်ရှိတဲ့ဒေသဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေတော့ ရှိမှာပါ။ ဒါတွေကိုတော့ ဒေသခံတွေက လိုက်နာရမှာပါ'' ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်နှင့် ရှေးဟောင်းနေရာ တည်ရှိရာဇုန်အတွင်း နေထိုင်ကြသည့် မြေဂရန်ပိုင်ဆိုင်မှုရှိသည့် ဒေသခံများနှင့် ယခုအခါ ဥပဒေကြောင်းအရ ငြိစွန်းမှုများ ဖြစ်ပေါ် ခဲ့ကြောင်းသိရပြီး အောက်တိုဘာ ၁ဝ ရက်က ကျင်းပခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ဒေသခံများလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုအကြောင်းကို ဒေသခံတစ်ဦးဖြစ်သည့် ဦးကျော်စွာမင်းက ''ဥပဒေတစ်ခုနဲ့ တစ်ခုကြားမှာ ပြန်ပြီးဖြေရှင်းပေးရမယ့် တာဝန်တွေရှိပါတယ်။ ဂရန်ရှိတဲ့သူတွေ ဆိုရင်လည်း ဂရန်နဲ့ လိုက်လျောညီထွေတဲ့ လုပ်ကိုင်ခွင့် ရှိရမယ်။ ဒေသန္တရ စီးပွားရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ရှိတဲ့အတွက် အခုလို ကျွန်တော်တို့ ဒေသခံတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲ ရလဒ်ရယ်လို့ မထွက်သေးပေမယ့် အခုလို နိုင်ငံတော်ကို တင်ပြခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်'' ဟု ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဖြစ်စေရန်အတွက် ယခုကဲ့သို့ ဇုန်များ ပြန်လည်သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ပြီး မြောက်ဦးဒေသ၊ ကျိုက်ထီးရိုးစေတီတော်၊ ရွှေတိဂုံစေတီတော်တို့ကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ဟန်နီဝင်း)
credit: Myawady Daily

No comments:

Post a Comment