Monday, October 19, 2015

အားပေးတဲ့ ပရိသတ်တွေအားလုံးအတွက် လူဖြစ်ရကျိုးနပ်ပါတယ်ဆိုတဲ့ ဖွေးဖွေး



အနုပညာသက်တမ်း ၈နှစ်အတွင်း ပရိသတ်အတွက် အသစ်အသစ်တွေ၊ ပြောင်းလဲမှုတွေနဲ့တွေမြင်နေရတဲ့ မင်းသမီးတစ်လက်ကို ပြပါဆိုရင်ဖွေးဖွေးလို့ပဲ ဆိုရပါလိမ့်မယ်။ အသစ်အသစ်တွေနဲ့ ပရိသတ်ကို အမြဲတမ်း ဖန်တီးပြသနေသလို လက်ရှိမှာလဲ အရင်နဲ့မတူတဲ့ကာရိုက်တာတွေ၊ ဇာတ်လမ်းတွေနဲ့ ပရိသတ်ကို ရိုးအီမသွားအောင် ဆွဲဆောင်နေတဲ့ ဖွေးဖွေးက
ဒီလကုန်မှာလဲ LA မှာပြုလုပ်မဲ့ ရုပ်ရှင်ပွဲတော်ကို သွားဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဖွေးဖွေးနဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်ုလိုက်တော့
-အခုရိုက်နေတဲ့ ကားလေး အကြောင်းနဲ့ပါဝင်ရတဲ့ ကာရိုက်တာလေးကို သိချင်ပါတယ်။
ကားနာမည်က ငါ့ကိုနမ်းတဲ့ မုန်တိုင်းတဲ့။ ဒါရိုက်တာက ကိုဝင်းလွင်ထက်၊ မင်းသားတွေက လွှမ်းပိုင်နဲ့ ရဲရင့်အောင်ပေါ့။ ဖွေးဇာတ် မဟုတ်ဘူး။ မင်းသားနှစ်ယောက်ရဲ့ဇာတ်၊ သုံးပွင့်ဆိုင်လေးပေါ့။ ဒီနှစ်ပိုင်းမှာ ဖွေး အရင်ရိုက်ခဲ့တဲ့ ကျွန်မကနှင်းဆီပါမောင်တို့၊ ကျူးပစ်တို့က မင်းသမီးဇာတ်တွေကြီးပဲ။ နေရာလဲ အရမ်းရခဲ့တယ်။ ကိုယ့်စီနီယာတွေတုန်းကလဲ ကိုယ့်ကို အဲ့ဒီလိုတွဲခေါ်ပေးတယ်ဆိုတော့ ကိုယ်အငယ် မဟုတ်တော့တဲ့ အချိန်မှာ ပြန်ပြီးတွဲခေါ်ပေးတဲ့ သဘောပါပဲ။ ပြီးတော့ ဒါရိုက်တာတွေရော မင်းသားတွေရောက ဒီကားမှပဲ ဖွေးပထမဆုံး စဆုံဖူးတာပါ။ အကုန်လုံးညှိညှိနှိုင်းနှိုင်း စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်နေပါတယ်။
-သူတို့နှစ်ယောက်က အဆိုတော်တွေဖြစ်နေတဲ့ အခါကျတော့ ရှုတင်ပေါ်မှာ အခက်အခဲကြီးကြီးမားမားရော ကြုံရလား။
အခုအချိန်ထိက ဒါရိုက်တာရော၊ မင်းသားတွေနဲ့ရော အဆင်ပြေပါတယ်။ အဆင်မပြေတာက စက်အဖွဲ့တွေပေါ့။ ဟဲဗီးဆင်းန်ရိုက်နေတဲ့အချိန် ၊ mood သွင်းနေတဲ့အချိန်တွေမှာ အရမ်းဆူညံတာတို့၊ ဟီးဟီးဟားဟား အသံကြီးတွေ၊ ပြီးရင် ရိုက်ကွင်းမှာ အရက်သောက်တာတွေ ရှိတယ်။ အဲ့ဒါတွေတော့ ဖွေးတစ်ခါမှ မမြင်ဖူးဘူး။ အခုမှပဲ မြင်ဖူးပါတယ်။ အဲ့ဒါတွေကတော့ အဆင်မပြေဘူး။
-ဒီနှစ်ထဲမှာ ဖွေးရိုက်တဲ့ ကားကြီးတွေထဲမှာ ဒီကားက ဘယ်နှစ်ကားမြောက်ဖြစ်မလဲ။
၃ကားမြောက်ပါ။ ၃ကားလုံးမှာ ဖွေးအရမ်းဟဲဗီး မလုပ်ရတဲ့ဇာတ်တွေကြီးပဲရွေးထားပါတယ်။ ကိုယ်ချည်းပဲ အမြဲလုပ်နေရတော့ မတရားရာကျတယ်လေ။
-အခုနောက်ပိုင်း ရုံမှာ တင်သမျှကားတွေကလဲ ဖွေးကားတွေချည်းပဲပေါ့။ အဲ့ဒီအပေါ်မှာရော။
ဒါကတော့ တိုက်ဆိုင်မှုပေါ့။ ဖွေးဘ၀ တစ်ခုလုံးမှာ အသက်ကြီးသွားလို့သေခါနီးအချိန်မှာ ပြန်တွေးလို့ရှိရင် ပြုံးနိုင်မဲ့ အခြေအနေ အခိုက်အတန့်လေးပေါ့။ တစ်သက်လုံး မတည်မြဲဘူးဆိုတာ သိပေမဲ့လဲ ကျွန်မကနှင်းဆီပါမောင်၊ ကျူးပစ်တို့အပြင် တခြားကားတွေကိုလဲ တစ်ခဲနက်အားပေးတဲ့ ကိုယ့်ရဲ့လက်မှတ်ထိုးပွဲတွေကို လာအားပေးတဲ့ ပရိသတ်တွေ အားလုံးအတွက်ဖွေးလူဖြစ်ရကျိုး နပ်ပါပြီလို့။ အရမ်းကျေနပ်ပါတယ်လို့။
-အခုတင်ထားတဲ့ အသက်ကားဆိုလဲ ပရိသတ်တွေ အကယ်ဒမီပေးနေကြတယ်။ ဒီအပေါ်မှာရော ကိုယ့်ရဲ့ အနုပညာနဲ့ပတ်သက်ပြီးဘယ်လိုသုံးသပ်မိလဲ။
ဒါကတော့ အကဲဖြတ်ပေးတဲ့သူတွေနဲ့ပဲဆိုင်ပါတယ်။ ဖွေးကိုယ်တိုင်ကတော့ ပရိသတ် ရင်ခုန်ထားတဲ့သူနဲ့ တကယ့်အနုပညာ အရည်အသွေးပြည့်ဝတဲ့သူကိုပဲ ရစေချင်ပါတယ်။
-နောက်ထပ်ကားကြီးအနေနဲ့ရော ထပ်ရိုက်ဖို့ရှိဦးမလား။
ဇာတ်လမ်းဆန်းဆန်းလေး တစ်ခုရိုက်ဖို့ရှိတယ်။ ဒါရိုက်တာက ဦးမျိုးမင်း၊ မင်းသားက ကိုနေတိုးနဲ့ကိုကျော်ကျော်ဗိုပါ။
-ဗီဒီယိုပိုင်းမှာလဲ ဖွေးရိုက်တဲ့ ကားလေးတွေက အရင်ကဖွေးဖွေးကို ပရိသတ်မမြင်ဖူးခဲ့တဲ့ ပုံစံလေးတွေပေါ့။ ဥပမာ ချုပ်ဆေးလိုကားမျိုးပေါ့။
ဟုတ်ကဲ့။ ဖွေးကို ပရိသတ်မမြင်ဖူးတဲ့ ပုံစံတွေနဲ့ပဲမြင်ရဖို့ရှိပါတယ်။ ချုပ်ဆေးမှာဆိုရင် ၀ိတ်မချပဲနဲ့ရိုက်ထားပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာတစ်ခုပေါ့နော်။ ပိန်တာပဲဖြစ်ဖြစ်၊ ၀တာပဲဖြစ်ဖြစ် ဒီကာရိုက်တာကို ၀င်ဖို့အတွက် ပရိသတ်အပေါ်ထားတဲ့စေတနာ၊ ပရိုဂျူဆာတွေအပေါ်ထားတဲ့စေတနာ ကိုယ့်ကိုကိုယ်ထားတဲ့စေတနာ မှန်လို့ရှိရင် ဘယ်အလုပ်မဆိုအောင်မြင်တယ်ဆိုတာကို သက်သေပြချင်တာပါ။
-၀ိတ်ရောချဖြစ်ဦးမလား။ ဖွေးကိုဒီပုံစံလေးနဲ့ပဲမြင်ရဦးမှာလား။
ဖွေးကတော့ ဟိုးအစကတည်းက ပရိသတ်ကို ပုံစံမျိုးစုံ၊ ကာရိုက်တာမျိုးစုံနဲ့တင်ပြခဲ့ပါတယ်။ ဆက်လက်ပြီးလဲ ပုံစံမျိုးစုံနဲ့တင်ပြဦးမှာပါပဲ။
-ပြည်ပခရီးစဉ်ရောသွားဖို့ရှိဦးမလား။
ဟုတ်ရှိပါတယ်။ LA ကိုပါ။ ဖွေးလက်ပံကားကြီးကို Asian Film Fastival LAမှာ လုပ်တဲ့ပွဲမှာ အရွေးခံရတယ်။ အဲ့ဒါကြောင့်ကိုဝိုင်းရယ်၊ ဖွေးရယ်၊ မကြီးစိုးတို့လဲ ပါမယ်။ အကုန်လုံးသွားကြပါမယ်။ ဒီလကုန်မှာပါ။ တရုတ်ရွှေကြက်ယက် ပွဲတော်မှာလဲ အရွေးခံရတယ်။ အဲ့ဒီတုန်းက မသွားဖြစ်ဘူး။ နောက် အိန္ဒိယမှာလဲ အရွေးခံရတယ်။ အခုဒီ LA ကတော့ မသွားလဲ မသွားဖူးဘူး။ မှတ်တိုင် တစ်ခုလဲပြောလို့ ရတယ်။ ဖွေးတို့မှာ နိုင်ငံကျော်ပဲဖြစ်နေတာလေ။ ဖွေးတို့လဲ အနုပညာကို ရူးသွပ်တဲ့စိတ်နဲ့တခြားအာရှကသရုပ်ဆောင်တွေလိုပဲ ကမ္ဘာက ပရိသတ်တွေနဲ့လဲ သိချင်တယ်။ ဖွေးတို့Generation မှာမရ သွားဖူးဆိုရင်တောင် ဒါအစပေါ့။ နောက် Generation တွေမှာ ဆက်ရသွားပါစေလို့မျှော်လင့်ပါတယ်။
-ဖွေးရဲ့ကားလေးကို အရွေးခံရတဲ့အပေါ်မှာရော စိတ်ထဲကခံစားချက်ကဘယ်လိုရှိလဲ။
ဖွေးကိုလက်ပံက ဘာမှမသိသေးတဲ့အချိန်မှာ အရဲစွန့်ပြီး ကိုဝိုင်းကဖွေးကို တင်ရိုက်ခဲ့တယ်။ ဒီကားနဲ့ပတ်သက်ပြီး အမှတ်တရတွေ၊ စိတ်ညစ်စရာတွေ၊ ဂုဏ်ယူစရာတွေရော အများကြီးဖြစ်ခဲ့တဲ့အထဲကမှ ပြီးသွားပြီလို့ထင်ထားတာ ဒါပေမဲ့ လက်ပံကိုပဲပြန်ရွေးမှာ LA က Film Fastival မှာပြန်ရွေးတဲ့အတွက် အရမ်းအရမ်းပျော်စရာ အကြီးကြီးပေါ့။ ဖွေးပရိသတ်တွေလဲဖွေးအစား အားရှိသွားတာပေါ့။ ဖွေးကို အားပေးရတဲ့ပရိသတ်တွေကို ဖွေးနဲ့ပတ်သက်ပြီးခေါင်းပဲ အမြဲမော့နေစေချင်တယ်။ အဲ့ဒါကြောင့် ဇာတ်ကားတွေကိုစိစစ်ပြီးရိုက်တယ်။ ဖွေးကို မချစ်တဲ့သူတွေအတွက်ဖွေးခံစားချက် မရှိဘူး။ ဖွေးလုပ်နေတဲ့ အလုပ်တွေ အားလုံးကဖွေးကို ချစ်တဲ့ ပရိသတ်တွေအတွက်ပါ။
-ဖွေးဖွေးဆိုတာ အနုပညာလောကထဲကို စ၀င်လာကတည်းက အမြဲတမ်း တသမတ်တည်းမရှိဘူး။ ပြောင်းလဲမှုမျိုးစုံနဲ့တွေ့နေရတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ဒီအပိုင်းနဲ့ပတ်သက်ပြီးအမြဲတမ်းပြောင်းလဲနေအောင် ဘယ်လိုမျိုးလေးလေ့လာဖြစ်နေလဲ။
ဖွေးရဲ့အကြိုက်တွေကိုထည့်တာလဲရှိမယ်။ တခါတလေဖွေးမကြိုက်တဲ့ကာရိုက်တာတွေလုပ်ရတာလဲရှိတယ်။ ကိုယ်ကိုတိုင်ဥပမာ ချုပ်ဆေးဆို Sexy လုပ်ရတယ်။ ဖွေးအပြင်မှာလုံးဝမကြိုက်ဘူး။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ကာရိုက်တာပီပြင်မှရမယ့်အတွက်အဲ့ဒီကာရိုက်တာကိုကိုယ်စဉ်းစားလိုက်တယ်။ ဒီကာရိုက်တာဆိုငါဘယ်လိုလေးလုပ်မယ်။ အရင်တွေးတယ်။ ဖွေးကအမြဲတမ်းပြောင်းလဲနေတယ်။ ခေတ်ရေစီးကြောင်းကိုသိပ်မလိုက်ဘူး။ ဖွေးကြိုက်တာဖွေးလုပ်တယ်။ ဖွေးကအမြဲတမ်းပြောင်းလဲနေသလို ၀ိတ်တွေကလဲ ပြောင်းလဲနေမယ်။
-လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာရော ဘယ်ပါတီကိုမဲပေးဖြစ်မလဲ။
ဖွေးကတော့ NLD ကိုပဲပေးမှာပါ။ ပြီးတော့ ဦးဇာဂနာပြောသလိုပေါ့။ တစ်ဦးတစ်ယောက်ချင်း မပြင်သရွေ့တော့ သိကြားမင်းဘုရင်တက်လုပ်ရင်တောင်ပြောင်းမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ဟာကိုယ် စည်းကမ်းရှိတဲ့ ကိုယ့်တာဝန် ကိုယ်သိတဲ့နိုင်ငံသားတစ်ယောက်ဖြစ်အောင်ကြိုးစားနေတယ်။ ဥပမာ မင်းသမီးဆိုလဲမင်းသမီးနေရာကနေ မင်းသမီး တာဝန်ကျေရမယ်။ ဆရာဝန်ဆိုလဲ ဆရာဝန်တာဝန်ကျေရမယ်။ အစိုးရလုပ်သားဆိုလဲ အစိုးရ လုပ်သားနေရာမှာတာဝန်ကျေရမယ်။ ဂျာနယ်လစ်ဆိုလဲ ဂျာနယ်လစ်နေရာမှာ တာဝန်ကျေရမယ်။ တစ်ဦးတစ်ယောက်ချင်းက ကိုယ့်အလုပ်တွေကိုယ့်တာဝန်တွေကို ကိုယ့်အသိစိတ်နဲ့လုပ်သွားမယ်။ တစ်ယောက်နဲ့ တစ်ယောက်မညစ်ပတ်ပဲ လုပ်သွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့မြန်မာပြည်ကြီးကပြောင်းလဲလာမှာပါ။
-ဖွေးရဲ့ အမာခံပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ဖွေးဒီအနုပညာလောကမှာ အသက်ရှင်ခွင့်ပေးထားတဲ့ အသက်သခင်ကျေးဇူးရှင်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။
ခင်ဆွေသက်
Trend Myanmar
credit: Myanmar Online New

No comments:

Post a Comment