Friday, January 29, 2016

ထိုင်းငါးဖမ်း​လှေသို့​ ရောင်းစားခံရ​သော မြန်​မာနိုင်​ငံသားများအား မြဝတီ လူကုန်​ကူးမှု တားဆီးရေးအဖွဲ့နှင့်​ (MAT) တို့ ချိတ်ဆက်မှုဖြင့် ကယ်​တင်​နိုင်​ခဲ့ကြောင်း သိရ

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများအနက် ထိုင်းငါးဖမ်း​လှေသို့​ ရောင်းစားခံရ​သော မြန်​မာနိုင်​ငံသားများအား မြဝတီ လူကုန်​ကူးမှု တားဆီးရေးအဖွဲ့နှင့်​ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (MAT) အဖွဲ့ တို့ ချိတ်ဆက်မှု၊ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ဇန်န၀ါရီလ ၂၇ ရက်နေ့က ကယ်​တင်​နိုင်​ခဲ့ကြောင်း မြ၀တီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရုံးမှ သတင်းရရှိသည်။

ဇန်န၀ါရီလ ၂၃ ရက်နေ့ အမှတ်(၁) မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်ရုံး၌ ဒုရဲအုပ် အောင်လှိုင်ဝင်းနှင့် တပ်ကြပ်ကြီး အောင်မြင့်ထွန်းတို့ တာဝန်ထမ်းဆောင်နေစဉ် မင်းငယ်ဦး ဆိုသူ၏ အဒေါ် မအမွှာဆိုသူ ရောက်ရှိလာပြီး
၎င်း၏တူမှာ ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေ၌ ရောင်းစားခံနေရကြောင်း၊ အချက်အလက် မေးမြန်းရာ မသိရှိသည့်အတွက် ဖုန်းနံပါတ်ပေးပြီး ဆက်သွယ်ရန် မှာကြားခဲ့ကြောင်း၊ ဇန်န၀ါရီလ ၂၄ ရက်နေ့ ည ၁၀ နာရီ အချိန် မင်းငယ်ဦး၏ ဆက်သွယ်မှုဖြင့် ဖူးခတ်ကမ်းခြေ၊ ဖေယောဆိပ်ကမ်းသို့ ဆိပ်ကပ်မည်ဖြစ်ပြီး၊ စက်လှေနံပါတ် (၁၈) တွဲယာဉ် (၁၉) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အချက်အလက်အား မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ မှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းအား ဆက်သွယ် အကူအညီ တောင်ခံခဲ့ရာ ဒါရိုက်တာ ဦးကျော်သောင်းမှ ထိုင်းအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ၊ LPN (အလုပ်သမား ရပိုင်ခွင့်နှင့် အခွင့်အရေး တိုးမြှင့်ရေး ဖောင်ဒေးရှင်) အဖွဲ့များနှင့် ချိတ်ဆက်ကာ နောက်ည လှေမထွက်ခွာခင် အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“ကနဦး သတင်းပေးတဲ့ တစ်ယောက်ကို ကယ်တင်လိုက်တော့ ကျန်သုံးယောက်ကို အခန်းထဲ လှောင်ပိတ်ထားတာသိလို့ သွားဝိုင်းတာ မြန်မာနိုင်ငံသား ၃၁ ယောက် ထပ်မံ တွေ့ရှိ ကယ်တင်နိုင်လိုက်ပါတယ်။ တကယ် ရင်နာစရာ ကောင်းပါတယ်။ အခန်းကျဉ်းလေးတဲမှာ လေမရှိ၊ အလင်းမရှိ၊ အိမ်သာသွားလည်း ဒီမှာဘဲလှောင်ပြီး သော့ပိတ်ထားတာ၊ ပြီးမှ လှေထွက်ရင် ထည့်ပေးတာ၊ သူတို့တွေ လုပ်အားခလည်း မရရှိကြပါဘူး။ တစ်ချို့ လေးငါးရက်၊ တစ်ချို့ ခြောက်လလောက် ရှိနေတဲ့ သူတွေ ပါတယ်။ ကိုယ့်နိုင်ငံက ပွဲစားကို လေး၊ ငါး၊ ရှစ်သိန်း ပေးပြီး လာတဲ့သူတွေလည်း ပါတယ်။ ရင်နာစရာ ကောင်းပါတယ်။ နောက်လူတွေ မည်မျှ ရောင်းစားခံနေကြရပြီလဲပေါ့” ဟု ဦးကျော်သောင်းက ပြောသည်။

ကယ်တင်နိုင်ခဲ့သော မြန်မာနိုင်ငံသားများအား လက်ရှိတွင် ဖူးခတ်ကမ်းခြေ ရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ မြ၀တီလူကုန်ကူးမှု တာဆီးနှိမ်နင်းရေးရုံးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Writer: 
ကိုရွှေသိန်း (မြဝတီ)
http://www.news-eleven.com/

No comments:

Post a Comment