Friday, January 29, 2016

ABC စတိုးဆိုင်တွင် ရမ်းကားဖျက်ဆီးခဲ့သော နိုင်ငံခြားသားကို စုံစမ်း


ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော ABC Convenience Store ဆိုင်တွင် ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီခွဲက ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦးကို ကိုယ်ထိလက်ရောက် ရန်ပြုကာ ဆိုင်ရှိ ပစ္စည်းများ ဖျက်ဆီးခဲ့သော
အသက် ၄၀ ဝန်းကျင်ရှိ ဂျပန်နိုင်ငံသားဟု ယူဆရသူကို ဖမ် မိရန် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရှိရသည်။
“ဆိုင်က CCTV မှတ်တမ်းအရ ဆိုင်ထဲ ဝင်ရမ်းကားခဲ့သူက ဂျပန်နိုင်ငံသားလို့ ယူဆရတယ်။ အရောင်းဝန်ထမ်းတွေကို ဆံပင်ဆောင့်ဆွဲ ရင်ဘတ်ဆောင့်တွန်းပြီး အော်ဆဲတာ၊ သူ့ဓာတ်ပုံတွေကို ဟိုတယ်နဲ့ တည်းခိုခန်းတွေဆီ ပေးပို့ထားပြီး ရန်ကုန်လေဆိပ်နဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေဆီ ပေးပို့ထားတယ်” ဟု ပုဇွန်တောင် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဆိုင်အတွင်း ဝင်ရောက်ရမ်းကားခဲ့သူမှာ ဂျပန်နိုင်ငံသားဟု ယူဆရသော အမျိုးသားဖြစ်ပြီး အသက် ၂၀ ဝန်းကျင်ရှိ ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦး၏ ဆံပင်များကို ဆောင့်ဆွဲကာ အော်ဟစ်ရန်တွေ့ခဲ့ကြောင်း၊ ယင်းသို့ ရန်ပြုနေစဉ် ဆိုင်မှ အသက် ၂၀ အရွယ် ဆိုင်ဝန်ထမ်း အမျိုးသားက ဝင်ရောက်ဖျန်ဖြေသည်ကို ယင်းအမျိုးသားက ရင်ဘတ်ကို ဆောင့်တွန်းကာ ဆဲဆိုခဲ့ပြီး ဆိုင်ပစ္စည်းအချို့ကို ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆိုင်ဝန်ထမ်းများကို ဆဲဆိုရန်ပြုပြီး ပစ္စည်းများ ဖျက်ဆီးခဲ့သော နိုင်ငံခြားသား အမျိုးသားကို ဇန်နဝါရီလ ၂၇ ရက်နေ့က ပုဇွန်တောင် မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၅၄/၂၉၄/၄၂၇ ဖြင့် အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

credit: http://www.thevoicemyanmar.com

No comments:

Post a Comment