Friday, January 29, 2016

အခွန်ဥပဒေသစ်ကြောင့် အခွန်ရှောင်သူ များနိုင်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေသစ်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် နှုန်းထားများကို မြင့်မားစွာ မြှင့်တင်ထားသည့်အတွက် အခွန်ရှောင်သူ ပိုမိုများပြားလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

အစိုးရက အခွန်ဆောင်သူ တိုးလာစေရန် လုပ်ဆောင်နေသည့် ကာလတွင် ယင်းသို့ နှုန်းထားမြင့်မားစွာ မြှင့်တင်လိုက်ခြင်းမှာ မှားယွင်းသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း ၎င်းတို့က ဝေဖန်ပြောဆိုသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် (အိမ်၊ ခြံ၊ မြေနှင့် မော်တော်ယာဉ်) အခွန်နှုန်းထားများကို မြှင့်တင်လိုက်ခြင်းသည် ပြည်တွင်းအခွန်များ ဦးစီးဌာနအတွက် အခွန်ကောက်ခံရာတွင် အခက်အခဲ ဖြစ်လာနိုင်ပြီး ယင်းနှုန်းထားများကို ပြန်လည်ပြင်ဆင်သင့်ကြောင်း ယင်းလုပ်ငန်းများထံမှ သိရသည်။
“ဒီလိုတိုးမြှင့်လိုက်တဲ့အတွက် အိမ်၊ ခြံ၊ မြေမှာ ဆိုလို့ရှိရင် SP၊ GP (Special Power၊ General Power) တွေ ကိုင်ပြီး အခွန်ရှောင်တဲ့သူ များလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောဆိုသည်။
လက်ရှိ မော်တော်ယာဉ် မူဝါဒသစ်အရ မော်တော်ယာဉ် တင်သွင်းမည့် သူများက ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ပြီး တင်သွင်းမည့်ငွေသည် ငွေဖြူဖြစ်ကြောင်း မပြသနိုင်ပါက ၂၀၁၆ ခုနှစ် အခွန်ဥပဒေအရ ရာခိုင်နှုန်းအလိုက် ပေးဆောင်ရမည် ဖြစ်ခြင်းကြောင့် မော်တော်ယာဉ် တင်သွင်းရာတွင်လည်း အခက်အခဲ ဖြစ်လာမည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၂၅ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ ထွက်ရှိလာမှုအပေါ် အိမ်၊ ခြံ၊ မြေ နှင့် မော်တော်ယာဉ် လုပ်ငန်းရှင် အများစုက ဝေဖန်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိ အခွန်အကောက် ဥပဒေသစ်တွင် အခွန်ကင်းလွတ်ခွင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရေအတွက်ကို ၂၀၁၅ အခွန်ဥပဒေကထက် တိုးမြှင့်သတ်မှတ်ပေးထားပြီး အထူးကုန်စည်ခွန် နှုန်းထားအချို့၏ နှုန်းထားများကိုလည်း တိုးမြှင့်ထားကြောင်း ယင်းဥပဒေ ဖော်ပြထားချက်များအရ သိရသည်။


credit from http://www.thevoicemyanmar.com/index.php/news/item/9713-akt


No comments:

Post a Comment