Wednesday, April 24, 2019

၁၈ နှစ်အတွင်း အပင် ၂သန်းကျော် စိုက်ပျိုးခဲ့တဲ့ ဇနီးမောင်နှံ

ကမ္ဘာကုလသမဂ္ဂရဲ့ ပြောကြားချက်အရ ၁၉၉၀ ခုနှစ်က စတင်ပြီး ကမ္ဘာပေါ်က စိမ်းလန်းတဲ့ တောတောင်တွေ ပျက်စီးပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကတိုက် အရွယ်အစားရှိတဲ့ တောအုပ်တွေဟာ တဖြည်းဖြည်း တောပြုန်းလာကြပါတယ်။ ဒါတွေကို ထိန်းသိမ်းဖို့အတွက် လူသားအားလုံးမှာ တာဝန်ရှိနေပါတယ်။ တောတွေ ပြုန်းလာတဲ့ အတွက် ရာသီဥတု ဖောက်ပြန်မှုတွေကို အားလုံး ကြုံတွေ့နေရတာ မျက်မြင်ပါပဲ။

ဘရာဇီးနိုင်ငံသား ဓာတ်ပုံဆရာတဦးဖြစ်သူ Sebastião Salgado နဲ့ ဇနီးဖြစ်သူ Lélia Deluiz Wanick Salgad ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စိတ်အားထက်သန်သူတွေနဲ့ စုပေါင်းပြီး အပင်စိုက်ပျိုးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ဒီလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဓာတ်ပုံဆရာဖြစ်သူဟာ ဓာတ်ပုံရိုက်ဖို့ စာရေးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရီးတွေ ထွက်ပြီး ပြန်အလာမှာ မွေးရပ်ဒေသဖြစ်တဲ့ ဘရာဇီးက သူ့အကြိုက်ဆုံး တောင်ကုန်ကြီးဟာ တောင်ကတုံး ဖြစ်နေတာကြောင့်ပါ။
“တောက လုံးဝ ပြုန်းနေတာဗျာ။ အားလုံးက ဖျက်ဆီးခံလိုက်ရပြီ” လို့ သူက ဂါးဒီးယန်း ဂျာနယ်ကို၂၀၁၅ ခုနှစ်က ပြောခဲ့ပါတယ်။ “ကျနော်ပြန်ရောက်လာတဲ့ အချိန်မှာ အပင်က ဝ ဒဿမ ၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ကျနော့် ဇနီးက အပင်တွေကို ပြန်စိုက်ကြမယ်ဆိုတဲ့ အကြံဉာဏ်ကို ပေးခဲ့တာပါ။ ဒီလိုနဲ့ တက်ကြွလှုပ်ရှားသူတွေကို ရှာပြီး အပင်တွေ ပြန်စိုက်ခဲ့ကြတယ်” လို့ သူက ဆိုပါတယ်။
ဇနီးဖြစ်သူကတော့ “ကျမတို့မှာ အကြံဉာဏ်တွေ ရှိမှ ဖြစ်မယ်။ ကျမတို့ ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ အောက်စီဂျင်ကို ပြန်ပြောင်းပေးနိုင်တဲ့ တခုတည်းသော အရာက အပင်ပဲ။ ဒါကြောင့် ကျမတို့ အပင်စိုက်မှ ဖြစ်မယ်”လို့ ပြောပါတယ်။
သူတို့ ဇနီးမောင်နှံက ဦးဆောင်ပြီး အပင်တွေကို ၂၀၀၁ ခုနှစ်က စတင်စိုက်ပျိုးခဲ့တာ အခုဆိုရင် အပင်ပေါင်း ၂သန်းကျော်ကို စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ တော်အုပ်တခုလို ပြန်ပြီး ဖြစ်လာတဲ့ နောက်မှာ ငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုး၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၃မျိုး က တောအုပ်အတွင်း ပြန်လည်နေထိုင်လာပြီ ဖြစ်ပါတယ်။ အပင်မျိုးစိတ်ပေါင်း ၃၀၀ ခန့်လည်း ရှိနေပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ လူတိုင်း အတုယူသင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတင်းစာတွေမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
Ref:boxden.com
credit:burma.irrawaddy



No comments:

Post a Comment